မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
2nd August 2013, 10:23 pm by

» မင်းအတွက်....
2nd August 2013, 10:15 pm by

» ကျွန်မကတော့
31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
30th July 2012, 12:28 am by

» အချစ်ဆိုတာ
27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
27th May 2012, 3:44 pm by


 

စာတစ်ကြောင်းနောက် ဥယျာဉ်မှုးတို့သို့ အလွမ်းကောက်ကြောင်းငယ်

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 30
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

PostSubject: စာတစ်ကြောင်းနောက် ဥယျာဉ်မှုးတို့သို့ အလွမ်းကောက်ကြောင်းငယ်   21st August 2011, 1:25 pm

ကောင်လေးတစ်ယောက် လဖက်ရည်ဆိုင်ထိုင်နေသည်။ (ဝါ) လဖက်ရည်ဆိုင်တွင် ကောင်လေးတစ်ယောက်ထိုင်နေသည်။
ကောင်လေးတစ်ယောက်- ပြုလုပ်သူ
လဖက်ရည်ဆိုင်- ပြုလုပ်ခြင်းခံရသူ
ထိုင်နေသည်။-ကြိယာ
ဒီသုံးခုပဲပေါင်းပြီး ဝါကျလေးတစ်ခု ဖွဲ့ကြခြင်းသာ။ ဒါကိုပင် လဖက်ရည်ဆိုင်ထိုင်နေသော ကောင်လေးတစ်ယောက်- ဟု ဖွဲ့လို့ရပြန်ပါသည်။
အမှန်က မဂ္ဂဇင်းစာအုပ်ဖတ်မလို့ပါ။ လက်ကလှန်လိုက်မိသည့် စာမျက်နှာ၏ အစက ကောင်လေးတစ်ယောက်လဖက်ရည်ဆိုင်ထိုင်နေသည် ဟု အစချီထားသည်ကို တွေ့ပြီး အတွေးပွားနေခြင်းသာ။
…………..
ကျွန်မ ရေနံချောင်း ဆိုတဲ့ အညာမြို့လေးကနေ ရန်ကုန်ကိုရောက်လာတော့ ဒီမှာ ကျောင်းတတ်ရတာ ခုနှစ်တန်းကနေစတက်ရသည်။ အသက်ကတော့ တစ်ဆယ့်သုံးနှစ်ပေါ့။ အဲဒီမှာစတွေ့တော့တာပဲ။ အညာမှာ ကိုယ့်ဆရာ၊ဆရာမတွေနှင့်သင်ခဲ့ရတဲ့ အရိုးစွဲကြီးက
Is,am.are,was.were,be,been,being ထုံးစံအတိုင်း အလွတ်ကျက်။ အမှန်ဆိုလျှင်တော့ ထိုစဉ်တုန်းက verb to be ဟုကို အလွယ်မကျက်တတ်သေး။ ကျွန်မက နည်းနည်းတော့ ရိုးအပါသည်။ ဘယ်လောက်ထိ ရိုးအလဲဆို ရန်ကုန်ရောက်ပြီးစက မြို့ထဲသွားတာ ညီအစ်မနှစ်ယောက်။ ဘေးနားက လူကြီးက အစ်မနားအရမ်းတိုးသည် ဟုထင်ကာ အပ်ချိတ်နှင့်တွယ်ချခဲ့ဖူးသည်။ တစ်ဖက်ကလူကြီးမှာ မအော်ရဲမဟစ်ရဲ။ ကားတွေကျပ်ပိတ်သိပ်သည်ရယ်လို့ မတွေးမိခဲ့။
အဲ..ချော်သွားပြီ။ ဒီမှာစပြောင်းတော့ am, is, are, was, were, be, been, being ဟုသင်ပြန်သည်။ အညာမှာသင်သလို is ကစဆိုလျှင် ဆရာမက မကြိုက်။ ဒီလိုနှင့် ဝါကျတစ်ခုတည်ဆောက်ပုံတွေ သင်ရပြန်ပါရော။ ရိုးရိုးလေး။ SVO ပေါ့။ ခက်တာက ဆရာမက ဖောက်မေးသည်။
သူ့မှာ ဘောပင်တစ်ချောင်းရှိတယ်။ ဆုမ သူဆိုတာ ဘာလဲပြောစမ်း။
အဲ…Subject ပါ ဆရာမ…အတန်းသားအားလုံးဝိုင်းရယ်တော့မှ ကျွန်မသတိထားမိသည်။ မြန်မာစာအချိန်ပေပဲ။
မေးတာက အညာနဲ့မတူတော့ ကျွန်မအမြဲမှားဖြေမိသည်မှာ အင်္ဂလိပ်သဒ္ဒါမှာ မြန်မာလိုမှားဖြေတတ်ပြီး မြန်မာသဒ္ဒါသင်ချိန်ရောက်လျှင်တော့ အင်္ဂလိပ်လိုမှားဖြေမိပြန်သည်။ အချိန်မတူတဲ့ တစ်ခြားနိုင်ငံမှ ပြန်လာသူ နိုင်ငံခြားပြန် အချိန်မှားသလိုကျွန်ူမမှာလည်း အချိန်မှားခဲ့ဖူးသည်။ မြန်မာသဒ္ဒါနှင့် အင်္ဂလိပ်သဒ္ဒါမှားတာ ပြောပါတယ်။ ထိုမြန်မာစာကော၊အင်္ဂလိပ် ဆရာမကော နှစ်ယောက်လုံးကို ကျွန်မချစ်ပါသည်။ အတ္တကင်းတဲ့ မာနကင်းတဲ့ ထိုဆရာမနှစ်ယောက်လုံးသည် နားမလည်သည့်အရာကို မည်သည့်အချိန်မေးမေးပြောပြတတ်သလို ကျောင်းသူကျောင်းသားတွေကို အပြစ်မြင်မျက်လုံးများနှင့် မကြည့်တတ်သူတွေလည်းဖြစ်ပါသည်။ မှတ်မှတ်ရရ မြန်မာစာဆရာမနာမည်က ဆရာမဒေါ်ခင်ဆွေဝင်း။ အင်္ဂလိပ်ဆရာမနာမည်က ဆရာမ ဒေါ်ဌေးဌေးမြင့်။
……
ရိုးရိုးအအ အညာသူတစ်ယောက်ဖြစ်တဲ့ ကျွန်မအတွက် နောက်ထပ် အခက်အခဲဖြစ်စေတာက သင်္ချာတူး ။ ရှုပ်ယှက်ခက်နေသော သင်္ချာ တူး၊ ပိုက်သာဂိုးရပ်(စ်)နဲ့ ပြည့်နှက်နေသော သင်္ချာတူး ကို ကျွန်မ အလွန်ြေ့ကာက်ပါသည်။ မိဘနှစ်ပါးကလည်း အစိုးရ ဝန်ထမ်းတွေ။ ရောက်ကာစ ဆိုတော့ ဒီရန်ကုန်နှင့် အသားကျဖို့ ပြင်ဆင်နေရတာနှင့်ပင် ကျူရှင်ဆိုတာကို ယူဖို့ စိတ်မကူးနိုင်ပါ။ သို့သော်…အဲဒီမှာ စတွေ့ပါတော့သည်။ သင်္ချာဝမ်းကိုပိုင်သောကြောင့် (ကျွန်မက တစ်ခါတစ်ခါကျတော့လည်း ဥာဏ်အလွန်ကောင်းပြန်ရော) သင်္ချာဝမ်းဆရာမက ကျွန်မကိုချစ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ သင်္ချာတူးဆရာမ ပြောသည်ကို နားမလည်လျှင် သင်္ချာဝမ်းဆရာမဆီ သွားမေးဖြစ်၏။ ကျွန်မ ကြားထားသည်က သင်္ချာတူးဆရာမသည် သူ့ကျူရှင်မှ ကလေးများကိုသာ ပြန်ရှင်းပြသည်…တဲ့လေ။ ထိုတစ်လ လပါတ်စာမေးပွဲ ကျွန်မ ကျပါတော့သည်။ ဒီလိုနှင့် မဖြစ်ချေဘူး ဆိုပြီး အမေ့ကို ပူဆာရပါတော့သည်။ ထိုအချိန်မှစ၍ ကျွန်မ လပါတ်စာမေးပွဲ မှန်မှန်အောင်ပါတော့သည်။ သို့သော် သင်္ချာတူးဆရာမ ရှင်းပြတာကိုနားမလည်တိုင်း သင်္ချာဝမ်းဆရာမဆီ အမြဲသွားမေးဖြစ်၏။ သင်္ချာတူးဆရာမ မသိအောင်ပေါ့။ အဲဒီတုန်းက သင်္ချာဝမ်းဆရာမနာမည်က ဒေါ်ခင်အောင်။ သင်္ချာတူးကတော့.ကောင်းကောင်း.မမှတ်မိချင်တော့။ ထိုအချိန်က ကျွန်မဘယ်လောက်ထိညံ့လဲဆိုလျှင် တြိဂံ၏ ထောင့်သုံးထောင့်ပေါင်းခြင်း….၁၈၀ ဆိုသည်ကိုပင် မနည်းကျက်ရ၏။ မှတ်ဖို့တော့မေ့နေခဲ့သည်။
ဒီရောက်ပြီး နောက်ထပ် ကျွန်မကြောက်တဲ့ ဘာသာတစ်ခု။ ပထဝီ။ ပုံတွေ၊ ပုံတွေ။ များချက်။ ဒီတော့ ပုံအဓိကပါရမဲ့ ဘာသာတစ်ခုမှာ ကျွန်မက ဘယ်လိုလုပ်လဲဆိုတော့ စာတွေကျက်ပါတော့သည်။ ဘယ်လောက်ပဲများများ ရအောင်ကျက်သည်။ အရိုးစွဲနေတဲ့ အကျင့်တစ်ခုကတော့ ပြင်ဖို့ခက်သည်လေ။ ထိုကဲ့သို့ ကျက်ခဲ့သည့်စာတွေ ဒီချိန်မှာ မှတ်မိလားမေးလျှင် ကျွန်မကတော့ ရဲရဲဝံ့ဝံ့ ကိုပြန်ဖြေလိုက်မည်။ မမှတ်မိပါ..လို့။
…………
ခုနှစ်တန်းစာမေးပွဲဖြေသည့် နောက်ဆုံးနေ့ဝယ် ကျွန်မသူငယ်ချင်းများက ပြောကြသည်။ ဆုမ ရေ…ရှစ်တန်းဘီမှာ မကျအောင်စောစော လာအပ်တဲ့။ အင် ရှစ်တန်း ဘီက ဘာဖြစ်လို့လဲ …ဆိုတော့ အဲဒီအတန်းပိုင်က အပြောကြမ်းအရိုက်ကြမ်း..တယ်တဲ့။ မိန်းခလေးဆိုပိုဆိုးသတဲ့။ သြော်..လို့။
ခက်တာက ဘက်ဂျက်အခြေအနေအရ ကျွန်မလည်း နောက်ကျမှသာ ကျောင်းအပ်ဖြစ်တော့ အပြောကြမ်းအရိုက်ကြမ်းတဲ့ ဆရာကျော်ဆိုတဲ့ အတန်းပိုင်ဆီမှာ ရောက်လေရောပေါ့။ အကြားနှင့်ကြောက်နေတဲ့ ကျွန်မ ဆရာကျော့်စာသင်ပုံကိုမြင်လျှင်မြင်ခြင်း ဆရာကျော့်ကို ချစ်သွားပါတော့သည်။ တစ်ကယ်ကို အသင်အပြကောင်းတဲ့ဆရာပါ။ အင်္ဂလိပ်စာကို နားလည်အောင်သင်ပေးသွားတာများ။ ဆရာ့ဆီကသင်ခဲ့တဲ့ သဒ္ဒါတွေကို ဒီနေ့ထိ မေ့မရနိုင်ပါ။ ဆရာမဒေါ်ခင်အောင်နှင့် ကျွန်မနှင့် ဆက်ရေစက်ဆုံတာကတော့ ဆရာမက ရှစ်တန်းသင်္ချာသင်ပေးသည်လေ။ ထိုရှစ်တန်းမှာ နောကန်ထပ်သိရတာက ဆရာကျော်နှင့် ဆရာမဒေါ်ခင်အောင်တို့  မောင်နှမ ဝမ်းကွဲတော်သည်…တဲ့။ နောက် ဆရာမက ရှစ်တန်းအေရဲ့ အတန်းပိုင်တဲ့။ နည်းနည်းတော့ နှမြောသွားပါသည်။ ဆရာမအတန်းမှာတတ်ချင်စိတ်လေးကြောင့်။
ရှစ်တန်းအရောက်မှာ ကျွန်မ နောက်ထပ်တိုးသည့်ပညာက အတန်းကွဲသွားလျှင် သူငယ်ချင်းအချင်းချင်း ချစ်ခင်မှုလျော့နည်းသွားသည်…တဲ့။ သူလည်းအပေါင်းအဖော်အသစ်နှင့် ကိုယ်လည်း အပေါင်းအဖော်သစ်နှင့် နေသားကျသွားသည်။ သေချာသည်ကတော့ ကျွန်မစိတ်ထဲ ရင်းနှီးမှုလျော့သွားသလို သူ့စိတ်ထဲလည်း လျော့သွားသည်သာ။ သို့သော် ပြုံးပြတတ်ကြသည်ချည်း လမ်းမှာတွေ့ရင်လေ။
ကျွန်မ ရန်ကုန်ရောက်မှ အထူးအဆန်းသိရသည်မှာ ခြောက်တန်းအရွယ်လေးနှင့် ရည်းစားထားသူတွေ၊ ခုနှစ်တန်းနှင့် ရည်းစားထားသူတွေ များသား။ ကျွန်မလို သူငယ်ချင်းတွေနှင့်ဆော့မယ်၊ သင်တဲ့စာကို ကျက်ချင်သလောက်ကျက်မယ် ဆိုသည့် ပတ်ဝန်းကျင်ဘာဖြစ်လဲ စိတ်မဝင်စားသူအတွက် ဒီလို အကြောင်းအရာကို လွယ်လွယ်နှင့်မသိနိုင်ပါ။ သိရသည့်အကြောင်းရင်းက ကျောင်းသူတစ်ယောက် ခိုးရာလိုက်ပြေးသွား၍ပင်။ ထိုနေ့မနက်ခင်းက ကျောင်းအုပ်ကြီး၏ လက်ထောက် ရာထူးပါပူးတွဲတာဝန်ယူထားသော ဆရာကျော်က အတန်းကြီးတွေကို မက်တပ်ရပ်ခိုင်းထားသည်မှာ အကြာကြီး။ မနက်ခင်း ရဲ့ နိုင်ငံတော်အလံကို အလေးပြုချိန်၊ အဆောင်ရှေ့က ကွင်းပြင်မှာပေါ့။ နေတွေကလည်းပူချက် ခြစ်ခြစ်တောက်။ အတန်းငယ်လေးတွေက ကွက်ကြည့်ကွက်ကြည့်နှင့်။ ရှက်လိုက်သည့်ဖြစ်ခြင်း။
…………
ဆရာကျော်။ ဆရာကျော်ဆိုသည်မှာ သမီးရည်းစားကိစ္စ ကြားသိတာနှင့် ထိုသူတွေကို အဲဒီ နိုင်ငံတော်အလံအလေးပြုပြီးချိန်တွင် တစ်ယောက်ပြီးတစ်ယောက် ခေါ်ထုတ်ကာ ရိုက်လေသည်။ ထိုသူတွေမှာ ရှက်တာကတစ်ဖက် အရိုက်ခံလို့နာတာကတစ်ဖက်နှင့်။ ထို့ပြင် ဆရာကျော်က စကားကြမ်းကြမ်းတို့ဖြင့်လည်း ဆိုဆုံးမတတ်သေးသည်။ မိန်းခလေးနှစ်ချက်အရိုက်ခံရလျှင် ယောင်္ကျားလေးကတော့ ငါးချက်နှင့်အထက်။ ဆရာ့ကျော့်လက်ဆက တမင်တကာ ချိန်ယူစရာကိုမလို။ ပြင်းသည်လေ။ ထို့ကြောင့်သာ အပြောကြမ်း၊ အရိုက်ကြမ်းသည်ဟု နာမည်ကြီးခြင်းပင်။ ကံကောင်းသည်က ကျွန်မက အစ်ကိုငါးယောက်ကြားတွင်ကြီးပြင်းသူ။ သို့မို့ကြောင့် အလှလည်းမပြင်တတ်သလို လုံချည်ကိုလည်း ကောင်းမွန်စွာမဝတ်တတ်။ ကြည့်လိုက်ရုံနှင့် ထင်မြင်စေသည်က ယောင်္ကျားလျှာ။ ဒီတော့ ဆရာကျော့်ကြိမ်ဒဏ်က လွတ်ပါသည်။ သို့သော် ဆရာကျော့် မျက်လုံးအောက်ကတော့မလွတ်။ ဆရာကျော်ဆိုသည်မှာ ကိုယ့်အတန်းကသူဟုက်သည်ဖြစ်စေ၊ မဟုက်သည်ဖြစ်စေ ကျောင်းသူကျောင်းသားတိုင်း အမှားကျူးလွန်မှာကို တးမြစ်လိုသောဆန္ဒဖြင့် အမြဲတစေ မျက်လုံးဖွင့်ထားသူတစ်ယောက်သာ။ ကျန်ဆရာဆရာမတွေလည်း ထိုနည်းနှင်နှင်သာ။ သို့သော် ဆရာကျော့်လောက် အမုန်းခံရတဲ့သူတော့ မရှိ။
ကိုးတန်းရောက်ချိန်မှာတော့ အနည်းငယ် လူရည်လည်လာတဲ့ကျွန်မမှာ အမြဲတမ်းတွဲတတ်တဲ့ သူငယ်ချင်းတွေလည်း ရှိလာချေပြီ။ သို့သော် ယောင်္ကျားလျှာပုံစံကမပြောင်း။ ဒါ့အပြင် တစ်ခုပိုသွားတာက နွေမှာအိပ်ခဲ့သမျှ ဒီကိုးတန်းမှာ စတွေ့တော့သည်။ အခါတိုင်းတတ်ခဲ့ရသည်က နေ့ခင်း ၁၂ နာရီမှ ညနေ လေးနာရီခွဲ။ ခုကျတော့ မနက် ခုနှစ်နာရီအရောက်။ ဆယ့်နှစ်နာရီ တန်းဆင်း။
မနက်တိုင်းမထဖြစ်လို့ ကျောင်းနောက်ကျတာ သုံးရက်တောင်။ ဒီလိုနှင့်ပင် သနပ်ခါးလိမ်းဖို့ပင် အချိန်မရှိသောသူမ အမြဲလိုလို မျက်နှာပြောင်နှင့်သာ ကျောင်းတတ်ဖြစ်သည်။ ကိုးတန်းတတ်ဖြစ်တော့ သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာ ဘာယူမလဲ။ ထွေထွေထူးထူး တွေးနေစရာမလိုပါ။ အတွေးက ရိုးရိုးလေး။ သူငယ်ချင်းအများစု သိပ္ပံကို ယူကြသည်။ ကျွန်မလည်း သိပ္ပံပေါ့။
အဲဒီတုန်းက မတွေးတောပဲ သိပ္ပံရွေးခဲ့သောကျွန်မ အရည်အချင်းစစ်စာမေးပွဲ ရောက်တော့ ကြောက်နေသည်။ တော်ကြာ ကိုယ်မအောင်ရင် ရှက်စရာကြီး။တော်ပါသေးသည်။ ကျွန်မအောင်ခဲ့သည်။ ကိုးတန်းမှာ ကျွန်မ၏ အင်္ဂလိပ်ဆရာမနှင့်ပြန်တွေ့၍ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ ကျွန်မတို့အတန်းပိုင်ကလည်း စိတ်သဘောထားနူးညံ့လိုက်သည့် ဖြစ်ခြင်း။ ဆရာမ ဒေါ်ခင်နု။ ဆရာမဒေါ်ခင်နုဆီ ကျူရှင်တတ်ချင်သည့် ကျောင်းသူကျောင်းသား များပြားလှသလို ကျွန်မသူငယ်ချင်းများ၏ အဆွယ်ကောင်းမှုဖြင့်ကော၊ ကျွန်မကိုယ်တိုင် စိတ်ပါဝင်စားမှုနှင့်ကော ဆရာမဆီ ကျူရှင်တတ်ဖြစ်ခဲ့သည်။
……………..
ဒီကိုးတန်းမှာ ကျွန်မအတွက် အသစ်အဆန်းတစ်ခုရှိလာပြန်ပါသည်။ အရင်ဆရာဆရာမတွေတုန်းက အသက်ကြီးလို့မို့ပဲ သိပ်သတိမထားမိသလား မသိ။ ဒီကိုးတန်းမှာ အသံ အေးအေးချိုချိုလေးနှင့် ဟန်နီထွန်းလိုလှသော အသက် ၂၈နှစ်လောက်သာထင်ရသော ဓါတုဗေဒသင်သည့်ဆရာမလေး။ ထိုဆရာမလေးကို ကျွန်မ ချစ်ပါသည်။ ဆရာမ ဒေါ်ခင်ဥမ္မာမြင့်။
ထိုဆရာမလေးက အထက်တန်းပြအဖြစ် ကျွန်မတို့ကိုးတန်းတတ်ချိန်တွင်ပင် ပြောင်းလာရခြင်းဖြစ်ပြီး ကျွန်မတို့သည်ပင် ဆရာမ၏ ပထမဆုံး အထက်တန်းကျောင်းသူကျောင်းပင် ဖြစ်ခဲ့သည်။
ကျွန်မအပြင် အတန်းသူအတန်ူသားတွေကလည်းချစ်ကြသည်။ ဆရာမလေးက လှသည်ကိုး။ REPITA ဟုခေါ်သော အတန်းကျအသက်ကြီးများက ဆရာမလေးကို ချိတ်တိတ်ချိတ်တိတ်သီချင်းဆိုတိုင်း မျက်နှာရဲရဲလေးဖြင့်မာန်မဲတတ်သော ဆရာမလေး။ ကျွန်မနှင့် ရှစ်တန်းးလောက်ကတည်းက အတူတက်လာသော မိန်းခလေးသူငယ်ချင်းအချို့ ဆရာမလေး၏ ဆံပင်ကို ကိုင်လိုကိုင်၊ ဆရာမလေးကို ပေါက်တတ်ကရပြောလိုပြော နှင့်။ ဥပမာ…ဆရာမမှာ ရည်းစားမရှိဘူးလား..ဆိုသောမေးခွန်းမျိုးကို သူတို့ မေးရဲပါသည်။ ကျွန်မ မမေးရဲပါ။ ကျွန်မလည်း ဆရာမလေးကို ချစ်သော်ငြား ဆရာမလေး၏ ခေါင်းကိုတော့ မထိရဲပါ။ ကျွန်မတို့အညာမှာနေကတည်းက ဆရာ၊ဆရာမကို နှိပ်ပေးရဲပါသည်။ ဆရာမကိုင်သော ခြင်းတောင်းကို ဆွဲပေးရဲပါသည်။ သို့သော်…ခွင့်တောင်းပြီးမှ။ ယပ်ခပ်ပေးတာတောင်…ခွင့်တောင်းပြီးမှပါ။ ဒီမှာကျတော့ တစ်မျိုးပါ့လားရယ်လို့…အသိဥာဏ်တိုးရသည်။
တစ်ခါတစ်ရံ ထိုအချိန်များတွင် ဆရာမလေး၏ စိတ်ရှုပ်ထွေးနေပုံရသော မျက်နှာကို ကျွန်မ မကြည့်ချင်ပါ။ မကြည့်ရက်ပါ။
ဆရာမလေးကို အချစ်တိုးရသည့်တစ်ချက်က စာပိုဒ်တစ်ပိုဒ်ကို တပည့်တွေ နားမလည်ဘူးထင်လျှင် ပြောရင်းသင်ရင်းနှင့် အသံတွေနာလာအောင် သင်ပေးသည့်အချက်ကြောင့်ပင်။ တစ်ခါတစ်ရံ မုန့်စားဆင်းချိန် တပည့်တွေ လှုပ်လှုပ်ရွရွ ဖြစ်နေပြီမှန်းသိလျှင် စာကို အပြီးသတ်တတ်ပြီး နောက်ဆုံးအချိန် အားလပ်ချိန်ကျမှ ဝင်သင်တတ်သောဆရာမလေး။ လွမ်းပါသည်လေ။ ဆရာဆရာမအားလုံးကို။
……………………….
ဒီကိုးတန်းတွင်တော့ စိတ်ဝင်စားစရာတွေ ပြည့်နှက်လို့။ ဇီဝဗေဒ ဘာသာရပ်ကို စိတ်ဝင်စားခဲ့သူကျွန်မ နှစ်သက်အသွားဆုံးကတော့ မြန်မာလို စာဖြင့်တစ်ဖွဲ့တစ်နွဲ့ ရေးနေရမည့် စာအရှည်ကြီးကို အင်္ဂလိပ်လိုရေးရတာက ပိုတိုသွားပြီး ဆန္ဒရှိလျှင် သီချင်းလုပ်ဆို၍ပါရသည်။ ထိုအချိန်တွင်တော့ မှတ်စုတိုလေးတွေဖြင့် ကျွန်မ မှတ်တတ်ပေပြီ။
ရူပဗေဒကလည်း စိတ်ဝင်စားဖို့ကောင်းချက်။ ဒီအချိန်ထိ ရနေဆဲစာသားလေးတစ်ခုကတော့…
Atoms of the same element with different masses are called Isotopes. တဲ့။
ကိုးတန်းကတည်းက ရူပဗေဒမှာကော၊ ဓါတုဗေဒမှာကောသင်ရသည့် ထိုစာသားလေးဟာဖြင့် တက္ကသိုလ်ရောက်သည်ထိအောင်ပါလာသည်။ ကျွန်မက ရူပဗေဒ အထူးပြုယူခဲ့တာကိုး။
နောက်ထပ်မမေ့နိုင်သေးသော equation လေးဟာဖြင့်
E=mc2 ရယ်လို့။ အဲဒီအချိန်ကတည်းက ရှုပ်နေတာကတော့ ဓါတုဗေဒ၏ SHELL တွေ။
……………………………….
ဆယ်တန်းမှာ ကျွန်မ ပထမဆုံးအကြိမ် စိတ်လှုပ်ရှားတတ်ပြီ။ သူငယ်ချင်းလေးကို စိတ်ဝင်စားမိသော မိန်းခလေးတစ်ယောက်၏ ခံစားချက်ကဗျာလေးများ ကျွန်မထံတွင် ပလူပျံလို့။ မဆွဲတတ်ဆွဲတတ်ဖြင့် ဆွဲထားတဲ့ ပုံတူပန်းချီငယ်တွေလည်း ကျွန်မဆီမှာ အများအပြား။ သစ်ရွက်လှုပ်တာတောင်ရယ်တတ်တဲ့အရွယ်ဆိုတော့လည်း ခက်သားလားနော်။ အဲ..စိတ်ဝင်စားတဲ့သူရှိလို့လားဆိုတော့လည်း မဟုက်ပြန်။ ကျွန်မသူငယ်ချင်းတွေက အတွဲလေးတွေ ကိုယ်စီဆိုတော့ နဂိုကမှ ကဗျာရေးစာရေးဝါသနာပါသူ ကျွန်မထံဝယ် ကဗျာပိုးလေးတွေ ရွတရွတ ဖြစ်ခဲ့ခြင်းသာ။ အဲဒီတုန်းက ကျွန်မတို့ လူငယ်တွေထဲနာမည်ကြီးနေတာက သီချင်းထက် စာသားက ပိုနာမည်ကြီးနေသည်။ စာရေးဆရာ တာရာမင်းဝေ၏ သတိရခြင်းကို ငါပိုင်တယ်….ဆိုတဲ့စာစုလေး။
ထိုစာသားလေးတစ်ပုဒ်ဖြင့်ပင် ကျွန်မဆီမှာ ကဗျာပုဒ်ရေများစွာ။ ထိုစာသားလေးကိုခံစားရေးခြင်းပင်။
ဒီလိုနှင့်ပေ။ါ့ ကျွန်မသည် အတန်းထဲတွင် နာမည်ကြီးသည်က ကဗျာရေးစာရေးကောင်းသူ..တဲ့။ သို့သော်လည်း စာကြိုးစားပုံကတော့ စာစီစာကုံးရေးဖို့ဆို အမြဲ B+ သာ။
……
ဘာပဲပြောပြော ဆယ်တန်းကို ဂုဏ်ထူးတစ်ခုမှ မပါပဲနှင့် အောင်ခဲ့သူကျွန်မ တက္ကသိုလ်ရောက်တော့လည်း စိတ်ဝင်စားရာ ရူပဗေဒဘာသာကို အဝေးသင်ဖြင့်တက်ရောက်ကာ တစ်နှစ်တစ်တန်းမှန်မှန်အောင်ခဲ့သည်။
တက္ကသိုလ်ကျောင်းသူဘဝက အနည်းငယ်တော့ ပျင်းစရာကောင်းလှသည်။ အဝေးသင်တက်တက်ခြင်း ပထမဆုံးနေ့မှစ၍ သုံးပတ်လောက်ထိ လက်ချာချိန်တက်ဖို့ ကျွန်မ ကြိုးစားကြည့်သည်။ ဆရာမလာတာနှင့်၊ ကျောင်းသူကျောင်းသားနည်းတာနှင့် မသင်ဖြစ်တာများသည်။ ထို့ကြောင့် လက်တွေ့ချိန်သာတက်ဖြစ်၍ ကျန်အချိန်တွင်မတော့ canteen မှာ ထိုင်ကာ ဖတ်စရာ ဝတ္ထုစာအုပ်တစ်အုပ်ရယ်၊ နားကြပ်ကက်ဆက်လေးတစ်လုံးရယ်၊ ပလိန်းတစ်ခွက်ရယ်နှင့်။
နောက်ထပ် စိတ်ပျက်စရာတစ်ခုကတော့ ဖယ်ရီကား။ တစ်နှစ်လုံး ဒီတစ်ကားပဲ ချပေးရင်အကောင်းးသား။ ခုတော့ နေ့တိုင်း ကိုယ်ဘာကားနှင့်လာရတယ် ဆိုတာကို မှတ်ထားရတာကိုက အလုပ်တစ်ခု။ ဒုတိယနှစ်ကျတော့ ရထားသာစီးဖြစ်တော့သည်။ ကောင်းလိုက်သည့်ဖြစ်ခြင်း။ ရထားစီးခရီးသည်နည်းပါးသော်လည်း တစ်တွဲလျှင် လူ ဆယ်ယောက်နှင့်အထက်ကတော့ ပါသည်သာ။ ရထားပြတင်းကနေ သီချင်းနားထောင်ရင်း ငေးရသည့်အရသာ ဘာနှင့်မျှကိုမတူ။
………………………………….
အခုတော့လည်း ပြန်လိုချင်မိပါသည်လေ။ အထက်တန်းကျောင်းသူ ဘဝလည်း ပြန်လိုချင်မိသလို တက္ကသိုလ်ကျောင်းသူ ဘဝကိုလည်း ပြန်တမ်းတမိသည်။ ဒီလိုကိုယ်ပိုင်အလုပ်လေးလုပ်နေချိန်မှာ ကျွန်မတွင် ကျောင်းသူဘဝက ပျော်ရွှင်မှုမျိုး မရတော့တာ အတော်ကြာပြီ။
ဒီအချိန် အထက်တန်းတတ်တုန်းက ဆရာ၊ ဆရာမတွေသာ ကျွန်မကိုတွေ့လျှင် မည်သည့်မှက်ချက်မျိုးချမည်လဲ။ သိချင်မိပါသည်။ ကျောင်းတုန်းက အလွန်အင်မတန် သူများတစ်ကာကို ကူညီတတ်သော ကျောင်းသူတစ်ယောက် ဒီအချိန်မှာ လူတွေကို သံသယ၅၀% ထားကာကြည့်နေတတ်ပြီဆိုလျှင် ယုံလေမည်လား။ ကျောင်းတုန်းက အင်မတန် ရိုးသော ကျောင်းသူတစ်ယောက် ဒီအချိန်မှာ အမြတ်ရဖို့ ၇၀% ထားစဉ်းစားသည်ဆိုလျှင် ယုံနိုင်မည်လား။ ကျန်သည့် ၃၀% ကတော့ စေတနာထားကြည့်ဖို့ ကြိုးစားခြင်းသာ။
….
အဟင်း။။။။
တစ်ချက် ပြုံးမိရင်း မဂ္ဂဇင်းစာအုပ်ကိုသာ ကောက်ကိုင်လိုက်မိသည်။ အလုပ်လေးပါးတုန်းပါးခိုက် မဂ္ဂဇင်းစာအုပ်လေးဖတ်ဖို့ ကြိုးစားမိသူကျွန်မ အတွေးတို့ဖြင့် ကျောင်းသားဘဝ ခတ္တခဏ ရောက်ရှိသွားသည်ပဲ။ ဟော စာဖတ်မလို့ ရှိသေး။ အရှေ့မှာ ဝယ်သူလာပြီ။
မကြီးရေ…ဆန်တစ်ပြည်ပေးပါ…၁၅၀၀ ထဲက။။
အေးအေး….ဟုသာ။ ဒီအခြောက်အခြမ်းဆိုင်လေးကို ရပ်ကွက်တွင်းလေးဖွင့်ထားသည်မှာ တစ်ကယ်ပင် အလုပ်ဖြစ်လှသည်။ အယ်..စာဖတ်လို့မဖြစ်သေးဘူး။ သိပ်မကြာခင် အိမ်ဦးနတ်ကြီး ရုံးအရာရှိလေး ပြန်လာတော့မည်။ ထမင်းက မချက်ရသေး။ တော်ကြာ ရောက်ရောက်ချင်း ထမင်းခူးမပေးနိုင်လျှင် စိတ်ကောက်လိမ့်မည်။ ကျွန်မရဲ့ အိမ်ဦးနတ်က ကျွန်မထက် အသက် သုံးနှစ်ငယ်တော့ စိတ်ကလေးကလည်း ကောက်တတ်သေးသည်။ မဖြစ်သေးပါဘူး။ ဆန်လေးဆေးပြီး ပေါင်းအိုးနဲ့ တည်ပြီးမှပဲ စာဖတ်တော့မည်။ ဟင်းကတော့ ကိစ္စမရှိ။ မနက်ကတည်းက ချက်ထားသော ချဉ်ပေါင်ဟင်းလေးကို စားကာနီးမှ နွှေးပေးလိုက်မည်။ ငရုတ်သီးထောင်းနှင့် လဖက်သုပ်နှင့်။ အိမ်ဦးနတ်လေး မောင် ကြိုက်မည်မှာ သေချာပါသည်လေ။
အဲ…နက်ဖြန်ခါ စနေ ဆိုတော့ အမေတို့ဆီ သွားဖို့ မောင့်ကို ပြောရဦးမည်။ စိတ်အကောက်ခံလို့ မဖြစ်သေး။ ကဲကဲ..ဆန်လေးဆေးဦးမှ။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဘာကိုမှမသိချင်သူ
၃၀ ဇူလိုင် ၂၀၁၁
Back to top Go down
http://www.htayhsu.multiply.com

စာတစ်ကြောင်းနောက် ဥယျာဉ်မှုးတို့သို့ အလွမ်းကောက်ကြောင်းငယ်

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Create free forum | © phpBB | Free forum support | Contact | Report an abuse | Create a forum on Forumotion